Friday, April 27, 2012

မရယ်နဲ့နော် ခိခိ...

နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေညာလိုက်ရာဝယ်…

လက်ထပ်ထားပြီးငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက်
ရရှိထားပြီး ဖြစ်ရပါမယ်တဲ့။

ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ ယောက်ျားတယောက်ကို
စေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို
တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။

ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ တော့ အခုထိ
ကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့…

ယောက်ျားလုပ်သူက…

"မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာ ရုံးချုပ်က
လွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။
ကိုယ်ကမှအဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာသမျှကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပေတော့။
....ကိုယ်သွားတော့မယ်ကွာ… "

အဲဒီလိုပြောပြီး ခေါင်းကိုငိုက်စိုက်ဆွဲ… မျက်လွှာကို အောက်ကိုချပြီး
စိတ်ဓာတ်ကျစွာနဲ့ပဲ အိမ်ကနေ ထွက်သွားတော့တယ်။ သူ့အမျိုးသမီးကတော့
အိမ်မှုကိစ္စတာဝန်တွေကို ဆက်လုပ်နေတာပေါ့။

ခဏနေတော့ အိမ်ရှေ့ကနေ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။ တံခါးဝမှာ စောင့်နေတဲ့သူက
သက်ဆိုင်ရာက လွှတ်လိုက်တဲ့ လူမဟုတ်ပါဘူး။ မွေးကင်းစအရွယ် ကလေးလေးတယောက်ကို
ဓာတ်ပုံရိုက်ပေးဖို့ လာရင်း အိမ်နံပါတ်မှားပြီး ရောက်လာတဲ့ ကင်မရာမင်းတစ်ယောက်ပါ။

အမျိုးသမီးက တံခါးဖွင့်လိုက်ချိန်မှာပဲ ဓာတ်ပုံဆရာက စပြောပါတယ်…

"မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ။ ကျွန်တော် လာရင်းကိစ္စကတော့… "

"သိ.. သိ.. သိပါတယ်ရှင့်… ဦး.. အဲ ကိုဘယ်သူ… "

"ကျနော့်နာမည် ဝေယံ လို့ ခေါ်ပါတယ် ခင်ဗျာ… ကျွန်တော် အထူးပြုထားတဲ့
အလုပ်အကိုင်က… "

"သိ.. သိပြီးသားပါရှင်… ခဏထိုင်ပါဦး "

"ခင်ဗျား အမျိုးသားလဲ သဘောတူမယ် ထင်ပါတယ်ဗျာ… "

"ဟုတ်တယ်ရှင့်.. ဒီမနက်ပဲ ကျမတို့ ဒီအကြောင်း ပြောဖြစ်ကြတာပါ… ဒီကိစ္စကို
ဒီအိမ်ထဲမှာပဲ ရှင်းဖို့ မှာသွားပါတယ်။ "

"ဟုတ်ကဲ့ခင်ဗျာ… အဆင်သင့်ဖြစ်ရင် အခုပဲ စလိုက်ကြရအောင်လေ။ "

"ဟို… ဟိုလေ… ကျမက ဒါမျိုးတွေ အတွေ့အကြုံမရှိဖူးတော့ ဟိုဒင်း… ဘယ်ကဘယ်လိုစရမယ်
မသိဘူးနော်…"

"ဒီကိစ္စအတွက်တော့ ကျနော့်ကို အားကိုးစမ်းဘာဗျာ…။ အင်း… ကျနော့်အထင်တော့
ဒီဆိုဖာပေါ်မှာရယ်… ဟောဟိုက စာကြည့်စားပွဲဘေးမှာရယ်… ရေချိုးခန်းထဲမှာ..
အင်္ကျီဗလာနဲ့။ ဒီကော်ဇောပေါ်မှာ ဆိုရင်တော့ ဘောင်းဘီတို ဒါမှမဟုတ် အပေါ်က
အဝတ်တထည်တော့ ဝတ်ထားမှ ကောင်းမယ်ဗျ။ "

"ဘုရား..ဘုရား… အဲလောက်ကြီးတောင်လား… "

"ဟုတ်တယ်လေဗျာ။ တခေါက်ထဲနဲ့တော့ ဘာပုံထွက်လာမလဲမှ မသိနိုင်တာ။ ပုံစံ
ခြောက်မျိုးလောက်ဆိုတော့ စိတ်ချရတာပေါ့ အမကြီးရာ။ "

"ကျမတောင်းပန်ပါတယ်ရှင်… အခုကြားရသမျှကတော့ ဘယ်လိုမှ မအပ်စပ်လို့ပါ။ "

"ဒီလိုပေါ့ဗျာ… ဘာကိုမှ ချုပ်တီးမထားဘဲ စိတ်လွတ်ကိုယ်လွတ် လွှတ်ပေးလိုက်တဲ့
အခါကျတော့ အောင်မြင်မှုက ပိုပြီး ကြီးမားတတ်တယ် မဟုတ်လား… "

"အရင်ဦးဆုံး ကျနော် ဖန်တီးခဲ့တဲ့ ပုံတွေကို ပြချင်ပါတယ်ဗျာ။ "

"ရှင်ဖန်တီးခဲ့တာ… အင်း… ပြလေ… ရှင့်မှာ အချိန်ရှိတယ် မဟုတ်လား။ "

"ဟာ… အလောသုံးဆယ် မလိုပါဘူးဗျာ။ ဒီအလုပ်မျိုး လုပ်တယ်ဆိုတာ မြန်မြန်ဆန်ဆန်
ပြီးပြီးရော ဘယ်ရပါ့မလဲ… "

(ပြောရင်း ဆိုရင်း ဓာတ်ပုံ အယ်လ်ဘမ်ကို ဖွင့်ပြပြီး)

"ဒီပုံကို ကြည့်ကြည့်ပါဗျာ။ ချစ်ဖို့ မကောင်းဘူးလား။ ဒီအတွက် ကျနော်
လေးနာရီတိတိ အချိန်ပေးခဲ့ရတယ်။ ထွက်လာတဲ့ ရလဒ်က လှမှလှပဲလေ။ "

"ဟင်းးးးးး (သက်ပြင်းတွေချလိုက် တံတွေးမြိုလိုက် လုပ်နေရင်း) ဟုတ်တယ်နော်
ကလေးလေးက ချစ်စရာလေး… ဒါပေမယ့် လေးနာရီကြီးကတော့ မများဘူးလား ရှင်… "

"ဒါပေါ့.. ဒါပေါ့… နားနားပြီး ဆက်လုပ်ရတာပေါ့… ကြည့်စမ်းပါဦးဗျာ.. ဒီအောက်က
ပုံကိုကြည့်စမ်းပါ… အဲဒီတုန်းက ကျနော်က ဘစ်စ်ကား ခေါင်မိုးပေါ်မှာ…ဗျ။ "

"ကားခေါင်မိုးပေါ်မှာ… အမေလေး… မကြားဖူးတာတွေ ကြားနေရတယ်… ထူးဆန်းပါပေ့ရှင်။ "

"ဒီလိုဗျ… အမျိုးသမီးတယောက်… သူကလဲ ကျနော့် အလုပ်အကိုင်ကို သိတယ်..
ယုံကြည်တယ်.. အားကိုးတယ်ပေါ့ဗျာ… သူက သူ့အမျိုးသားကို အထူးအဆန်း
ပြချင်လို့ဆိုပြီး ကျနော့်ကို အလုပ်လာအပ်တာပေါ့… အတွေ့အကြုံရှိနေတော့လဲ
မခက်ပါဘူးလေ။
အဲဒီအခေါက်က အလုပ်သဘောအရ ဆိုပေမယ့် ကျနော်က တကယ့်ကို စေတနာနဲ့ စိတ်နှစ်ပြီး
ကြိုးစားပေးခဲ့တာဗျ။ "

"ဟော.. ဟောဟိုပုံကိုကြည့် အဲဒါက ပန်းခြံထဲမှာ… "

"ပန်းခြံထဲမှာဆိုတာက… လူတွေနဲ့လေ။ လူရှေ့သူရှေ့လဲ အလုပ်ဖြစ်တယ်.. ဟုတ်လား။
သူများတွေက ဝိုင်းကြည့်နေမှာပေါ့။ "

"လူတွေကြည့်တာ မကြည့်တာ ဂရုမစိုက်ပါဘူးဗျာ… ကုန်ကုန်ပြောမယ်… ကျနော်က
လူတမျိုးဗျ။ လူတွေ ဝိုင်းအုံကြည့်လေ ကျနော့်ရဲ့ အရည်အသွေးတွေက
တောက်ပြောင်လေပဲ…။ အဲဒီတခေါက်ကတော့… ဘယ်လိုပြောမလဲ… အမေလုပ်သူက
ဗီဒီယိုမင်းသမီးဗျ… သူက အဲဒီနည်းနဲ့ နာမည်ကြီးချင်တာလေ။ အဲဒီနောက်တော့ တကယ်လဲ
ဟိုးလေးတကျော် ဖြစ်သွားတာပါပဲဗျာ။ "

"ဗုဒ္ဓော… ဘုရား.. ဘုရား… "

"ဟုတ်တယ်ဗျ… နေ့လည် နှစ်နာရီမှာ စလိုက်တာ ညနေ ငါးနာရီမှ ပြီးတယ်။
အဲဒီတုန်းကလောက် တခေါက်မှ မပင်ပန်းဖူးဘူးဗျာ.. တကယ်ပါပဲ။ အဲဒီအချိန်က
တုန်နေအောင် ချမ်းနေတဲ့ အချိန်ပေါ့။ လာကြည့်ကြတဲ့ လူတွေကလဲ ပြုံလို့ ခဲလို့…
အထပ်ထပ် စုအုံနေတာတင် အဝိုင်းကြီး ငါးထပ်လောက်ရှိတယ်။ လူက တအားများလေတော့
အလုပ်လုပ်ရတာလဲ သိပ် ခရီးမတွင်ဘူးလေ။ "

"ရှင်တို့က လူအုပ်ကြီးရှေ့မှာ... အိုးရေးးးး အိုးးရေးးး "

"ဘယ်နေရာကြည့်ကြည့် လူအုပ်ကြီးပဲ တွေ့ရတယ်။ ပရိတ်သတ်ကလဲ ပွဲကျပြီး
လက်ခုပ်တွေဘာတွေ ဝိုင်းတီးပေးကြတာဗျ။ အဲဒီမှာ အမေလုပ်သူက စိတ်တွေတိုလာတာပါပဲ…
ကျနော်ကိုယ်တိုင်ကပဲ ပွဲမပျက်အောင် ထိမ်းသိမ်းပေးခဲ့ရတာပေါ့။ နောက်တော့
ရဲတွေရောက်လာပြီး ကျနော့်ကို လူကူရှင်းပေးတယ်… အမှန်က ကျနော်က နောက်ထပ်
နှစ်ကွက် သုံးကွက်လောက် ဆွဲချင်သေးတာဗျ။ ဒါပေမယ့် ချမ်းကလဲ
ချမ်းနေကြပြီဆိုတော့… (အယ်လ်ဘမ်ကို ပြန်ပိတ်၍ ပြော) ကဲ… အခုပဲ စကြမလား… ကျနော်
ထောက်တံထုတ်လိုက်မယ်လေ… "

"ပြောပြောဆိုဆို သူ့ရဲ့ ကင်မရာထောက်တဲ့ ထောက်ကို အိတ်ထဲကထုတ်ဖို့ ဇစ်ဆွဲသံလဲ
ကြားလိုက်ရော… "

အဲဒီအမျိုးသမီးလဲ နေရာမှာတင် မေ့လဲကျသွားပါလေရောဗျာ…။

အိမ်မက်

အိပ်စက်ခြင်းရေ
မင်းပိုင်ဆိုင်တဲ့မိနစ်တချို့
ငါ့ကိုသုံးခွင့်ပေးပါ
ငါ...ချစ်သူလေးနဲ့ တွေ့ချင်လို့။

အသက်သည် အိမ်မက်

အိမ်မက်သည် သူ
သူသည် အသက်ဖြစ်စေ
ဆောင်းနှောင်းလျှင် နွေဦး၏။
နွေဦး၌ နှင်းကြွင်းသည်။
နှင်းကြွင်း ပြယ်သော်လည်း
သစ္စာကြွင်းစေ။
မြတ်နိုးခြင်း ကြွင်းစေ။

              သျှပ်မှူးကျော်

ပထမဆုံး၏ ရှေ့  နောက်ဆုံး၏ နောက်

မောင်သာ
ပထမဆုံးနဲ့  နောက်ဆုံးချစ်သူပါတဲ့ ။

ပထမဆုံးဆိုတာ
အဦးဆုံးလို့  ထင်ခဲ့တယ်။

နောက်ဆုံးဆိုတာ
နိဂုံးလို့  ထင်ခဲ့တယ်။

ပထမဆုံးရဲ့ရှေ့  မှာ
နိဒါန်းဆိုတာတွေ

နောက်ဆုံးရဲ့နောက်မှာ
နောက်ဆက်တွဲဆိုတာတွေ

ရှိပါသေးလားဆိုတာ
ခုမှသိရပါတော့တယ်။

မင်းလူ

အမှားပြင်ဆင်ချက်

အချစ်ရယ်
ခုချိန်မှာ
ငါ မျက်စိကွယ်သွားရင်
သိပ်ကောင်းမှာပဲ။
မင်းငါ့ကို
ဘယ်တော့မှ
မဲ့ပြလို့ ရမှာမဟုတ်တော့ဘူး။

ခုချိန်မှာ
ငါ နားပင်းသွားရင်
သိပ်ကောင်းမှာပဲ။
မင်းငါ့ကို
ဘယ်တော့မှ
မုန်းတယ်လို့ ပြောလို့ ရမှာမဟုတ်တော့ဘူး။

ခုချိန်မှာ
ငါ ဆွံ့ အသွားရင်
သိပ်ကောင်းမှာပဲ။
မင်းကိုဘယ်တော့မှ
တောင်းပန်ခယနေ ရမှာမဟုတ်တော့ဘူး။

အို ဒါပေမယ့် ...
မင်းကို မမြင်ရရင်
မနေနိုင်ဘူးကွယ်။
မင်းအသံကို
မကြားရရင်
မနေနိုင်ဘူးကွယ်။
မင်းကိုမတောင်းပန်ရရင်
မနေနိုင်ပါဘူးကွယ်။ ။

မင်းလူ

သို့သော်

သည်းခံခွင့်လွှတ်ပါ-------သို့သော်
လူညံ့ မဖြစ်ပါစေနှင့်။
ကျိုးနွံစွာဆက်ဆံပါ-------သို့သော်
ကျွန် မဖြစ်ပါစေနှင့်။
သတိတ္တိရှိရှိနေပါ--------သို့သော်
လူမိုက် မဖြစ်ပါစေနှင့်။
သွက်သွက်လက်လက်နေပါ-------သို့သော်
ပျာလောင်မခတ်ပါနှင့်။
ခြိုးခြံချွေတာပါ-----------သို့သော်
ကပ်စေးမနဲပါနှင့်။
ရက်ရောစွာလှူဒါန်းပါ------သို့သော်
ပြစားမှုမဖြစ်ပါစေနှင့်။
(အစ္စလာမ်ကျမ်းစာ)

Wednesday, April 25, 2012

လူငယ်

ငါတို့ ပခုံးပေါ် မင်းတို့တက်ကြည့်ကြပါ
ငါတို့ ဦးခေါင်းအမြင့်ထက် မင်းတို့ ဦးခေါင်းတစ်လုံ ပိုမြင့်အောင်ကြည့်ကြပါ
တာဝန်သိစိတ်အပြည့်နဲ့ ကြည့်ပါ
တာဝန်ယူစိတ်အပြည့်နဲ့ ကြည့်ပါ
ပိုဝေးဝေးမြင်အောင်ကြည့်ပါ
ပိုကျယ်ကျယ်မြင်အောင်ကြည့်ပါ
အဲဒီအခါ ငါတို့ကို ကိုယ်ထင်ပြထားတဲ့
အနာဂါတ်ရှုခင်းဟာ
သက်တန့်ရောင်စုံနဲ့ ပြိုင်တူလင်းလို့
ကြယ်သစ်တေးသီချင်းကို ပြိုင်တူဆိုကြမယ်
အလင်းဆုံးကြယ်ဟာ လူငယ်
လူငယ်ဆိုတာ အလင်းဆုံးကြယ်
ကုန်ကုန်ပြောမယ်
အဲဒီ လူငယ် ဆိုတဲ့ အလင်းဆုံးကြယ်ဟာ
ငါတစ်လုံးမှ ချမရေးရသေးဘဲနဲ့
မင်းဖတ်နေတဲ့ အကြိုက်ဆုံးကဗျာ။   ။
(မြေလတ်မောင်မြင့်သူ)

ငါဟာ

ငါဟာ လှေကားလေးတစ်စင်းပါ
အားလုံးအောင်မြင်မှု ရဖို့
အမြင့်ကိုရောက်အောင် ပို့ဆောင်ပေးပါ့မယ်...
အမြင့်ရောက်သွားတဲ့အခါ
နင်းကျော်တက်ခဲ့တာတွေကို မမေ့ကြပါနဲ့...
ငါဟာ ဖယောင်းတိုင်ငယ်လေးပါ
အားလုံးအလင်းရောင် ရဖို့
မီးစာကုန်ခမ်းချိန် အထိ ထွန်းလင်းပေးပါ့မယ်...
မီးစာကုန်သွားတဲ့အခါ
အလင်းရောင်ရခဲ့တဲ့အချိန်ကို မမေ့ကြပါနဲ့...
ငါဟာ ထီးလေးတစ်လက်ပါ
ရာသီဥတုဒဏ် ကာကွယ်ဖို့
အားလုံးကို မိုးကာပေးပ့ါမယ်...
ရာသီဥတု ကောင်းတဲ့အခါ
ထီးလေးကိုတော့ ချောင်ထိုးမထားပါနဲ့...
ငါဟာ ဖိနပ်လေးတစ်ရံပါ
ခလုတ်မထိ ဆူးမငြိဖို့
အားလုံးကို ကာကွယ်ပေးပါ့မယ်...
ဖိနပ်လေး ဟောင်းနွမ်းသွားတဲ့အခါ
သူ့ကျေးဇူးတွေကို မမေ့ပါနဲ့...
ငါဟာ.....
ငါဟာ....
ငါဟာ........ဖြစ်ပါရစေ....

Tuesday, April 24, 2012

ကောင်ကလေးတွေအတွက်

၁။ ငါ နင့်ကို ဒီလောက်ချစ်တာ....နင် ငါ့ကို နည်းနည်းပြန်ချစ်ရင် ငါသေပျော်ပါပြီဟာ....
၂။ နင် ထမင်းမချက်တတ်ဘူးဆိုလဲ ငါ့ဘေးနားမှာနေပြီး...ငါချက်တဲ့ ထမင်းကို နှစ်ယောက်အတူတူစားကြမယ်လေ....
၃။ ဒီကမ္ဘာမှာ နင့်မိဘတွေ ပြီးရင် နင့်ကို ငါ့လောက် ချစ်တာ ဘယ်သူရှိလဲ.......
၎။ နင်ကလဲ ရိုးလိုက်တာ...နောက်ဆို ဘာပဲဖြစ်ဖြစ် ..ငါ့နောက်မှာပဲ နေနော်... သိရဲ့လား....
၅။ နင့်ရဲ့နာမည်က ငါ့နှလုံးသားထဲမှာ ရေးထွင်းပြီးသားပါဟာ...တခြားကောင်မလေးတွေကို စိတ်မ၀င်စားပါဘူး....
၆။ နင် အဲဒီမှာပဲ ရပ်နေနော်...ဘယ်မှ မသွားနဲ့... ငါ အခုလာကြိုမယ်....
၇။ နင်ငါ့ကိုချစ်တယ်ဆိုတဲ့စကားအမြဲ ကြားချင်တယ်..မှတ်ထားပေးနော်...
၈။ နင့်ကို ငါ့ရဲ့ ဘေးမှာ တစ်သက်လုံး အတူရှိနေစေချင်တယ်....
၉။ လောကကြီးမှာ ကောင်းတဲ့အရာမှန်သမျှ...ငါရသလို...နင့်မှာလဲ ရှိစေရမယ်....
၁၀။ နင် ငါ့အတွက် အိမ်သန့်ရှင်းရေးလုပ်ပေးသလို...ငါလဲ နင်လျှောက်မဲ့လမ်းကို ရှင်းလင်းပေးထားမယ်လေ...
၁၁။ နင့်ကို ချစ်တယ်ဆိုတာ ငါ့ရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်ပဲနော်...ဘယ်သူမှ တရားမ၀င် နင့်ကို ပြောဆိုခွင့် မပေးနိုင်ဘူး....
၁၂။ နင်လိုချင်တာ...ငါ့မှာရှိရင် ကျိန်းသေ နင့်ကို ပေးမှာပါ....နင် ငါ့အနားက မထွက်သွားပါနဲ့နော်....
၁၃။ အခု မင်္ဂလာဆောင်စရိတ်တွေ သက်သာတယ်ကြားတယ်.... ငါတို့ မင်္ဂလာဆောင်ရအောင်...ငါ့ကိုလက်ထပ်ခွင့်ပေးပါ....
၁၄။ ဘ၀ဆိုတာ ဒီလောက် ရှည်လျားတာ... နင် ငါ့ကို သုံး လေး နှစ် စောင့်ခိုင်း တာ ဘာအရေးလဲ...
၁၅။ ငါကိုယ်တိုင် နင့်ကို ကံကောင်းခြင်းတွေ ပေးမယ်...တခြားသူတွေကို စိတ်မချပါဘူး....
၁၆။ မင်းတို့ ငါ့ချစ်သူကို အနိုင်မကျင့်ကြနဲ့နော်..ငါကလွဲလို့ မင်းတို့မှာ ပြောပိုင်ခွင့်မရှိဘူး...
၁၇။ နင်စောင့်နေနော်...တနေ့ကျရင် ငါ့ကလေးရဲ့ မေမေ လုပ်ရမှာ....
၁၈။ နင့်ကိုယ်နင် သေချာ စောင့်ရှောက်ပါ...မဟုတ်ရင် နင့်ကို တစ်သက်လုံးစောင့်ရှောက်ခွင့် ငါ့ကို ပေးနော်...
၁၉။နင့်ကို သတိရတဲ့အခါ...ငါ နင့်ကို အမြဲရှာနေမိတယ်...
၂၀။ ငါ နင့်ကို ကံကောင်းခြင်းတွေ ပေးတာ...ဘယ်သူမှ တားလို့ မရဘူးဆိုတာ နင်သိလား....
၂၁။ ငါတောင်  အပြစ်မတင် ရက်တဲ့ လူကို...ဘယ်သူက အနိုင်ကျင့်လို့ရမှာလဲ....
၂၂။ ဘယ်လို အချိန်ပဲဖြစ်ဖြစ်...နင့်မှာ လက်ထပ်ချင်တဲ့သူရှိရင် ငါ့ကိုပြောပါ... ငါနင့်ကို စွန့်လွှတ်ပေးပါ့မယ်...


(မှတ်ချက်... အထက်ပါ စကားများမှာ... မိမိတကယ်ချစ်သော မိန်းကလေးကို သာ ပြောရန်ဖြစ်ပါတယ်...ကိုခင်မောင်စိုး ဘလော့မှကူးယူတင်ခြင်းဖြစ်သည်)

Monday, April 16, 2012

"ရန်သူတော်များ စာရင်း"

မင်းကို...    
စချစ်မိတဲ့ နေ့က စပြီး
အရာရာကို မနာလိုတော့ဘူး။
ဆံပင်တွေကို
ခိုးခိုးနမ်းသွားတဲ့ လေပြည်
ပါးပြင်ပေါ်
တိုးတိုးကပ်သွားတဲ့ နေခြည်
မင်းမျက်နှာကို
မော့မော့ကြည့် နေကြတဲ့ ပန်းပွင့်တွေ
အားလုံးကို မနာလိုတော့ဘူး။
မင်းကို...
ချစ်မိတဲ့ နေ့ကစပြီး...
ရန်သူတွေ ပိုများလာပြီ။
မင်းကို ငေးကြည့်တဲ့ ကောင်
မင်းကို စကားလာပြောတဲ့ ကောင်
မင်းကို နောက်ပြောင်တဲ့ ကောင်
အားလုံးကို
ငါ.. မကျေနပ်ဘူး။
အားလုံးဟာ ငါ့ရန်သူ။
ငါဟာ...
အားလုံးရဲ့
ရန်သူတစ်ယောက် ဖြစ်သွားရတယ်...

မောင်လှမျိုး(ချင်းချောင်းခြံ)

“ငြိမ်းချမ်းရေး ကြော်ငြာစာတမ်း”

ရန်ဖြစ်ပြီးမှ
ပြန်ချစ်ကြတာ
သဘာဝပါကွယ်။

စစ်ဖြစ်နေတဲ့ ကာလ
အချစ်မျက်ရည်တွေ
အခါခါကျတော့ ...
ရင်ထဲက
တသသ နာလွန်းတယ်။

မခွဲနိုင်မှန်း သိလျက်နဲ့
စကားနိုင်လု၊
သ၀န်တိုမှုတွေ
တဖြည်းဖြည်းစု
စိုးရိမ်ပူပန်မှုတွေ က...
မြင့်သထက်မြင့်
ရန်ဖြစ်တဲ့ အဆင့်ကို
မာန်ဝံ့ပြီး တက်ခဲ့ကြတာ
ဘယ်သူမှားသလဲကွယ်။

အချစ်ရယ်...
ရန်မဖြစ်ကြေး
ပြန်စစ်ဆေးကြမယ်ဆိုရင်...
နင်လည်း .. နာ ၊ ငါလည်း ..နာ
နင်လည်းလွမ်း ... ငါလည်း လွမ်း
နင်လည်း ...ငို၊ ငါလည်း...ငို
ကမ္ဘာပြိုမတတ်ပါဘဲကွယ်။

ချစ်သူ အချင်းချင်း
တိုက်တဲ့စစ်
မုန်းလို့မှ မဖြစ်ဘဲ။

မုန်းမေ့လို့ မရကြမယ့် အတူတူ
( စစ်မဖြစ်ကြေး )
ဟော့ဒီ အချစ်လက်ရေးနဲ့
( ငြိမ်းချမ်းရေး သ၀ဏ်လွှာလေး)
နင့်ကို ...ပေးလိုက်ပါရစေ။

နေ့လည်း... လွမ်း ၊ ညလည်း ...လွမ်း
မျက်ရည်တစမ်းစမ်း နဲ့
ရန်ဖြစ်ပြီးမှ၊ ပြန်နမ်းမိတဲ့ .. အနမ်း
ငါ့ရင်ထဲ ...........
ပိုလွမ်းသွားရပြန်ပြီကွယ်။

မောင်လှမျိုး(ချင်းချောင်းခြံ)

'ဆုံဆည်းခွင့်မရှိခဲ့သော....အချစ်'

   လှပတဲ့ ကောင်းကင်
   တောက်ပတဲ့......နေတစ်စင်း......
   အေးချမ်းတဲ့လမင်း...........
   သာယာတဲ့...တေးဆိုသံ
   ပြည့်စုံတဲ့အပြုံး....
   မျှော်လင့်ချက်အပြည့်နဲ့ အနာဂါတ်..
   အားလုံး.....အားလုံး....
   ပျောက်ဆုံးခဲ့ရတာ.....
   မယုံကြည်နိုင်သေးတဲ့...
   မင်းနဲ့ခွဲခွာချိန်အစကပေါ့....
   လောကကြီးကိုနောက်ပြန်လှည့်.....
   အရာအားလုံးကိုသာပြင်ဆင်ခွင့်ရှိမယ်ဆိုရင်လေ......
   ဆုံမှတ်တစ်ခုအတွက်......
   ငါ.....ကြိုးစားနေဦးမှာပါ....ကောင်မလေး......
   ဘာပဲဖြစ်ဖြစ်လေ......
   ဆုံဆည်းခွင့်မရှိတဲ့...ခွဲခွာခြင်းတစ်ခုမှာ.....
   မင်းကိုချစ်ခဲ့ဖူးတဲ့အချစ်တွေကိုတော့.......
   ထာဝရပျက်သုဉ်းခွင့်မရှိတဲ့.....
   နှလုံးသားတစ်နေရာမှာ.....
   လှပခြင်းတစ်ခုအဖြစ်..အမြဲတမ်းအတွက်တော့....
   သိမ်းထားခွင့်ရှိချင်ပါသေးတယ်......ကောင်မလေးရယ်...
   နင်အမြဲတမ်းဖြူစင်နေပေးပါနော်......         

(မှတ်ချက်။ကျွန်တော့်သူငယ်ချင်းရဲ့ ရင်တွင်းခံစားချက်လေးတွေပါ အကြိုက်ချင်းတူလို့ တင်ပေးတာပါ...)                              

နားလည် ရခက်တတ်သော အချစ်


  သာယာမှုတွေကို မက်မောစွာ ဖက်တွယ်ဖူးတယ်.....
  အနားမှာသူရှိနေတုန်း ခဏကပေါ့............
  လောကကြီးကိုလည်းမေ့ထားဖူးတယ်........
  အချစ်ဆိုတာကို ကိုးကွယ်နေမိတဲ့ အချိန်တွေတုန်းကပေါ့.......
  ရင်နဲ့မဆန့်အောင်လည်း ခံစားဖူးတယ်........
  သူအတွက်  စိုးရိမ်နေမိခဲ့တဲ့...အမုန်းမတိုင်ခင်....
  ထာဝရအချစ်တွေလို့ယုံကြည်ဖူးခဲ့တဲ့ အချိန်တွေကပေါ့........
   ဒါပေမယ့်......လည်း........
   အရာအားလုံးက ပြောင်းလဲနေတတ်တယ်ဆိုတာကို........
   မသိချင်ယောင်ဆောင်ပြီး ချစ်ခဲ့တဲ့ငါ့အတွက်......
   ခံစားလိုက်ရတာက ..... ယုံနိုင်စွမ်း မရှိတဲ့....
   သစ္စာမဲ့ခြင်းတစ်ခုပါပဲ...........
   အချိန်တွေက ဝေဒနာဆိုတာကို ကုစားဖို့အတွက်...
   အကောင်းဆုံးဆေးဆရာဆိုပေမယ့်......ငါ့အတွက်ကတော့....
   တစ်သက်တာမပျောက်တော့တဲ့ .... နှလုံးသား ဒဏ်ရာ တစ်ခုလို...
   ထာဝရအတွက်တော့ ကျန်ခဲ့တော့မှာပါပဲ......
    ပညာရှင်တွေတောင်...အဓိပ္ပါယ်ဖွင့်ရင် ....
   မပြည့်စုံနိုင်တဲ့အချစ်ဆိုတာကို......ငါတကယ်တွေ့လိုက်ရတော....
    ဂုဏ်ဒြပ်တစ်ခုဆိုတာလောက် တန်ဖိုးမရှိပါလား......
     အနာဂါတ်ကိုသာ ကြိုသိခွင့်ရခဲ့မယ်ဆိုရင်လေ......
    မင်းကိုငါကြည့်တောင်ကြည့်ရဲပါ့မလားမသိဘူး....ကောင်မလေး.....
    ဒါပေမယ့်သေချာတာတစ်ခုတော့ရှိလိမ့်မယ်......
    အဲဒါက မင်းကိုငါချစ်တော့ ချစ်ခဲ့လိမ့်မယ်ဆိုတာပဲလေ.......
    အသိမပေးတဲ့တန်ဖိုးရှိသော ချစ်ခြင်းတစ်ခုအဖြစ်ပေါ့.................
                                       

အသဲကွဲခြင်းနှင့် ခါးသက်သက် အရသာ

အခုတစ်လော ကျွန်တော် တို့ လူငယ်တွေတော်တော်များများ တွေ့ကြုံနေကြရတာတော့ အသဲကွဲကြတာပါပဲမတူညီကြတဲ့ အခြေအနေကြောင့်ပဲဖြစ်ဖြစ်….သဘောထားမတိုက်ဆိုင်ကြလို့ပဲဖြစ်ဖြစ်တစ်ဦးယောက်ကြောင့်ပဲဖြစ်ဖြစ်…နှစ်ယောက်စလုံးကြောင့်ပဲဖြစ်ဖြစ်…..အချစ်ဆိုတဲ့ ခေါင်းစဉ်အောက် က ချစ်သူနှစ်ယောက် လမ်းခွဲကြတဲ့အခါ…….အနည်းနဲ့အများတော့
နှစ်ယောက်စလုံးမှာ စိတ်ဒါဏ်ရာ ရတတ် ကြပါတယ်…. ခံစားကြရပါတယ်……ဘယ်လိုပဲဖြစ်ဖြစ်… ပြင်ဆင်လို့ မရနိုင်တော့တဲ အခြေအနေတစ်ခုမှာတော့ လက်ရှိဖြစ်ပေါ်လာတဲ့အခြေအနေ ကို အမှန်အတိုင်းလက်ခံဖို့ပါပဲ…..
အချစ်ဆိုတာဟာ…အသစ်မွေးဖွားတတ် တဲ့သဘောရှိပါတယ်…..ဘယ်တော့မှကုန်ဆုံးသွားတယ်ဆိုတာမရှိပါဘူး…လမ်းခွဲခြင်းခံလိုက်ရတဲ့သူများအတွက် ကတော့ …. ငါ့အပေါ်လုပ်ရက်လေခြင်း……သစ္စာမဲ့လိုက်လေခြင်း ဆိုတဲ့အတွေးမျိုးထက်…ငါ့ကိုသစ္စာဖောက်ဖျက်မိမှာ စိုးလို့ သူအရင်ဖောက်ပေးသွားတာပဲ လို့ တွေးပေးပြီးကျေးဇူးတောင်တင်သင့်ပါသေးတယ်….ကျွန်တော်ကိုယ်ချင်းမစာလို့ ပြောတာမျိုးမဟုတ်ပါဘူး…… အချစ်အသစ်နဲ့ အချစ်စစ်ဆိုတာမျိုးကိုထပ်တွေ့လာတဲ့အခါ အတိတ်ကကိုယ်လုပ်ခဲ့တာတွေကိုပြန်တွေးမိပြီးရယ်စရာတစ်ခုလိုပါပဲလားလို့ထင်မိပါလိမ့်မယ်…(ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းကြိတ်ပြီးရှက်ပြုံးပြုံးရမှာ စိုးလို့သတိပေးတာပါ။)….ကျွန်တော်ခံစားဖူးတဲ့အသဲကွဲတယ်ဆိုတာကတော့”သူနဲ့ပက်သက်ပြီး…ကိုယ်မျှော်လင့်ထားတာ တွေ၊ယုံကြည်ထားတာတွေ ၊ စိတ်ကူးယဉ်ထားတာတွေ…..လေထဲအိမ်ဆောက်ထားတာတွေပေါ့ဗျာ…..အဲဒါတွေကို ကို ဆုံးရှုံးလိုက်ရပြီ ဆိုတဲ့ ရုတ်တရက်အသိ ကို နှလုံးသား က လက်မခံပေးနိုင်တာမျိုးဗျ…..ကိုယ့်ကို ကိုယ် ရှက်လည်းရှက်မိ ဒေါသလည်းထွက်မိ…..မျှော်လင့်ထားမိတာတွေအတွက်လည်း ယူကြုံးမရဖြစ်မိတာပေါ့ဗျာ…..အဲဒီတော့ဘာလုပ်လိုက်မိလဲ………….ကြေကွဲတယ်…..ပေါက်ကွဲတယ်ဗျာ….နည်းမျိုးစုံနဲ့ပေါ့(အသားတော့နည်းနည်းနာတယ်….ဟဲဟဲ)ဒါပေမယ့် အသိတစ်ခုတော့ရှိတယ်…….အဲဒါကတော့ သူ့အတွက် ငါ့ဘဝကို မပျက်စီးစေရဘူးလို့ စိတ်ထဲက တိတ်တိတ်လေးကြုံးဝါးမိတယ်…..ကိုယ့်ကို ကိုယ်လည်းအထပ်ထပ်သတိပေးမိတယ်….ငါသူ့အတွက်နဲ့တော့….ငါ့ဘဝကို ဆုံးရှုံးစေလို့ မဖြစ်ဘူးဆိုတဲ့အသိပါ….ရှောင်လွှဲမရပဲ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တစ်ခုကို ကျွန်တော်လမ်းကြောင်းပြောင်းပေးဖို့အတွက်ပဲ ကြိုးစားလိုက်တော့တယ်……သူ့ကိုသတိရမိတဲ့အချိန်တွေမှာ ကျွန်တော် တစ်ခြားအရာတွေကိုပိုလုပ်ဖြစ်တယ်ဗျာ…တစ်ချိန်တည်းမှာ နှစ်မျိုးအာရုံဝင်စားခွင့်မရှိတဲ့ စိတ် စေတသိတ်မှာ ကျွန်တော်သူ့အတွက် နေရာမပေးမိအောင် အမျိုးမျိုးကြိုးစားခဲ့တယ်….ပညာရှင်တွေပြောကြတာသိပ်ကိုမှန်ပါတယ်ဗျာ….တစ်ကယ်ပါ အချိန်ဆိုတာ စိတ်မှာ ခံစားရတဲ့ ဒဏ်ရာတွေကို ကောင်းကောင်းကြီးပျောက်ကင်းအောင်ကုပေးနိုင်တဲ့သမားတော်ကြီးပါ….တစ်နှစ်ဆိုတဲ့ကာလအပိုင်းအခြားတစ်ခုပြီးတဲ့ နောက်မှာ တော့ကျွန်တော် ကိုယ့်ဘာသာကိုယ် အကောင်းဆုံး ဆောက်တည်နေတတ်သွားပါပြီ ….တစ်ခါတစ်ခါ တိုက်ဆိုင်လို့ သတိရမိတယ်ဆိုရင်တောင်….သူပေးခဲ့တဲ့ဒဏ်ရာ တွေကို ရဲရဲကြီးကြည့်ရဲ…..တွေးရဲတဲ့စိတ်ဓါတ်ကို ကျွန်တော်ရသွားပါ ပြီ။” ဒီနေရာမှာ သတိထားရမှာက သူ့အကြောင်းတွေးမိမှာ စိုးရိမ်လို့ဆိုပြီး ကိုယ့်ဘာသာကိုယ်အလုပ်ပေးတဲ့အခါ အကောင်းဘက်ကိုဦးတည် ဖို့ပါပဲ ….တစ်ကယ်လို့သာ ဦးတည်ချက်မှားသွားခဲ့ရင်တော့ တစ်ကယ့်ကို မတွေးရဲစရာဖြစ်သွားပါလိမ့်မယ်……နောက်တစ်ခုကတော့ အသဲ ကွဲတယ်ဆို တဲ့ဝေဒနာ မှာ သာယာ မနေမိဖို့ပါပဲ…အဲဒါကတော်တော် အရေးကြီးပါတယ်….တစ်ကယ်ပါ အသဲကွဲတယ်ဆိုတဲ့ အလွမ်းဓါတ်ရော နေတဲ့ ခါးသက်သက် ဝေဒနာဆိုတာ သိပ်ကိုစွဲမက်ဖို့ကောင်းပါတယ်….မတော်တဆ ထုတ်ထုတ်ကြည့်ရင်တောင် ရင်ဘတ်ကိုခပ်အောင့်အောင့်လေးဖြစ်ပြီးတော့ သွေးကိုနည်းနည်းပြန်ဆူစေတာအမှန်ပါပဲ……လောကမှာ အခါးဓါတ်ခပ်နှောနှော ပါတဲ့ ဘယ်လိုအရာမျိုးပဲ ဖြစ်ဖြစ် စွဲလမ်းစေတတ်ပါတယ်…….စွဲလမ်းမိသွားရင်တော့….”ကျန်းမာရေးကို……ဆိုးဝါးစွာထိခိုက်စေပါသည်” ဆိုတဲ့စာတန်း
ကိုဖတ်မိရင်တောင် …….. ရေးတဲ့သူကို အပြစ်တင်မိချင်ပါသေးတယ်…..သူ မသိလို့ရေးတာနေမှာ လို့လည်းတွေးချင်တွေးမိဦးမှာ…..ဒါတွေက ကျွန်တော် အသဲကွဲတာနဲ့ ပက်သက်ပြီး ကျွန်တော်တွေးမိတာလေးတစ်ချို့ကိုချရေးမိတာပါ..…ခံယူချက်ချင်းလည်းတူချင်မှတူမှာပေါ့နော်…..ဘာပဲဖြစ်ဖြစ်လွတ်လပ်စွာကွဲခွင့်ရှိပါတယ်…..

(မှတ်ချက်။ကျွန်တော့်သူငယ်ချင်းရဲ့ ရင်တွင်းထင်မြင်ခံစားချက်လေးပါ ...)

မေမေ

ဘဝကြမ္မာ လှိုင်းတွေ ကြမ်းတယ် မေမေရယ်.....လေဟုန်ကို ဆန်ပြီး ပျံနေရတဲ့ဘဝမှာ...မောပန်းမှု နာကျင်မှု တွေနဲ့ကြုံတိုင်း သားချော့တေး နဲ့ သာယာတဲ့ အမေ့အိမ်ကို သားလွမ်းမိတယ် မေမေ...ဖြူစင်လွန်းတဲ့ မေမေ့ ဆီက သားတို့အတွက် ကြင်နာတဲ့မေတ္တာ တရားနဲ့ အစဉ် ထာဝရ နွေးထွေး စေတတ်တဲ့ လက်တစ်စုံကို သားတမ်းတမိပါတယ်။မေတ္တာဆိုတာ နီးလွန်းရင် မမြင်နိုင်တတ်တဲ့ သဘောများရှိတတ်လေသလား မေမေရယ်...သားလေ မေမေ့ရဲ့ အေးမြတဲ့ မေတ္တာရိပ်အောက်က ထွက်လာမိမှ အစဉ်နွေးထွေး စေတတ်တဲ့ မမေ့ ရင်ခွင်ကို သားတမ်းတ တတ်လာပါပြီ မေမေ...သားသတိရမိသေးတယ်...သူငယ်တန်း တုန်းကပေါ့ ကျောင်းတတ်ရမှာ ပျင်းလွန်းတဲ့ သားကို မေမေ့ ရင်ခွင်ထဲက ဆွဲထုတ်ပြီးကျောင်းပို့ခဲ့တာလေ...စာသင်ခန်းမှာ လက်ပြပြီး ကျန်ခဲ့ရတိုင်း မေမေ့ မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်နေပေမယ့် မေမေသားကို ထားပြီးပြန်ပြန်သွားတယ်နော်...သားတို့ကို သိပ်ချစ်တတ်တဲ့ မေမေ့ နှုတ်ခမ်းက ပြောတာတော့ သားကို ပညာတတ်ကြီး ဖြစ်စေချင်လွန်းလို့ပါတဲ့လေ...သိပ်ငယ်လွန်းတဲ့သားမှာတော့ မျက်ရည်တွေပြည့်နေတဲ့ မေမေ့ မျက်ဝန်းတွေကို ကြည့်နေရုံကလွဲပြီး ဘာကိုမှနားမလည်တတ်ခဲ့သေးပါဘူး...မေမေ့ နားမှာသိပ်နေချင်တဲ့ သားကို နေခွင့်မပေးဘဲ ကျောင်းပဲပို့နေတဲ့ မေမေ့ကိုသားစိတ်ဆိုးမိတယ်...မေမေက ဘာလို့ငါ့ကိုကျောင်းပဲ ပို့နေတာလဲလို့ပေါ့။ဒါပေမယ့် သားကျောင်းတတ်ရ တာကိုမပျော်တတ်သေးပါဘူး...နေ့လည်စာ ထမင်းစားချိန်တိုင်း  ကျောင်းကနေထမင်းချိုင့်ကလေး ကိုင်ပြီး အိမ်ပြန်ပြေးတတ်တာကို သတိရတယ်...မေမေ မသိအောင် အိမ်ပေါ်ခိုးတတ်ပြီး...ကျောင်းတတ်ချိန်ကျမှ မေမေ့ကို အသိပေးမယ်ပေါ့...အဲဒီအချိန် ကကျောင်းမတတ်ချင်တဲ့ သားအတွက် မဟာစွန့်စားခန်းပါပဲ...ဒါပေမယ့် သားမအောင်မြင်ပါဘူး...မေမေ။သားကို အမြဲတန်း အဆုံးထိနားလည်တတ်တဲ့ မေမေ့ကို သားရှောင်ပြေးလို့မှမရပဲ...မဟုတ်တာလုပ်မိတာနဲ့ မေမေ ကချက်ချင်းရိပ်မိတော့တာပါပဲ...အဲ့ဒီလို အချိန်တိုင်း မေမေ ပြောတတ်တာက “နင့်ကို ငါမွေးထားတာပါတဲ့လေ ...”သားထင်ပါတယ် သားဘာပဲလုပ်လုပ် မေမေ သိနေတာ သားကိုမေမေ သိပ်ချစ်လွန်းလို့ပဲ ဖြစ်မှာပါ...အဲဒီအချိန် မေမေ သားကျောင်းပြေ လာတာ သိသွားတော့ သိပ်ကို စိတ်ဆိုးသွားတော့တာပါပဲ...ပထမ တစ်ရက်တော့မေမေ ခွင့်လွှတ်ပါတယ်...သားကလဲ သားပါပဲလေ မေမေ ခွင့်လွှတ်တာကို ရောင့်တတ်မိတယ်...နောက်တစ်ရက်လည်းဆက်လုပ်တော့ မေမေ သားကို ရိုက်ပြီးကျောင်း အထိ ပြန်ပို့တော့တာပါပဲ...သားကလည်း ငို မေမေ ကလည်းငိုပေါ့။ဒီလိုနဲ့ သားကို ဆရာမ ဆီအပ်ပြီးတော့ ရိုက်ပါလို့လည်းမှာတယ်...အဲ့ဒီတုန်းက သားမေမေ့ကို အရမ်းစိတ်ဆိုးမိတာပဲ သိလား...ကိုယ့်သားကို ဘာလို့များ သူများကို ရိုက်ခိုင်း တာလဲလို့ပေါ့နော်...ငါ့ကိုများ မချစ်ဘူးလား လို့လည်း သံသယ ဝင်မိသေးတယ်...သားကိုခွင့်လွတ်ပါနော်...သားနားမလည် လို့ပြောခဲ့မိတာပါ...အဲဒီနောက်ပိုင်း ကျတော့ သားတနေ့လုံး ကျောင်းမှာ နေတော့တယ်...ပျော်လို့တော့ မဟုတ်ပါဘူး...သား သိပ်မုန်းတဲ့ မေမေ့ ရဲ့ကြိမ်လုံးကို ကြောက်လို့...ဒါပေမယ့် တဖြည်းဖြည်း ကြာလာတော့ သားကျောင်းပျော်တတ်သွားပြီလေ... သူငယ်ချင်းတွေနဲ့ ကစားရတာကို မေမေ့ နားမှာနေရတာထက် သားပျော်တတ်လာတာပေါ့...ဒီလိုနဲ့ သားပထမတန်းတတ်လို့ကျောင်းပြောင်းတော့...ကျောင်းသွားရတာ သိပ်ဝေးတယ်လေ မေမေ့ အတွက် အလုပ်ပိုလာတော့တာပါပဲ...(၂)မိုင် (၃)မိုင် လောက်ဝေးတဲ့ ခရီးကို မေမေ လိုက်ပို့လိုက် လာကြိုလိုက်နဲ့နေ့စဉ်ရက်ဆက် လုပ်နေခဲ့တာပါ...အိမ်အလုပ်တွေလည်း လုပ်ရ သားကိုလည်း ကျောင်းပို့ ကျောင်းကြို လည်းလုပ်ရတဲ့ မေမေ့ မှာ သိပ်ကို ပင်ပန်းခဲ့မှာပဲနော်...ဒါပေမယ့် သားမြင်ရတဲ့ မေမေ့ မျက်နှာကတော့ အမြဲတမ်း အပြုံးမပျက်ပါဘူး...ဒီလိုနဲ့ သားအရွယ်ရောက်လာတော့ မေမေ့ ရင်ခွင်ကနေ ခွဲခွာလာခဲ့တယ်...မေမေ့ ကိုသတိရတဲ့ အချိန်က လကုန်လို့ အသုံးစရိတ် ပြတ်တဲ့အချိန်လောက်ပါပဲ...အဲဒီအချိန် ဆိုရင် သတိတရ နဲ့ဖုန်းလည်းဆက်ဖြစ်တယ်...မေမေ နဲ့ စကားပြောဖို့ထက် ကျွန်တော့် ဆီကို ပိုက်ဆံ ပို့ပြီးပြီ လားဆိုတာလောက်ကိုပဲ ကျွန်တော့ စိတ်ဝင်တစား မေးတတ်တယ်...ငယ်ငယ်တုန်းက သားသိပ်ချစ်တယ် ဆိုတဲ့ မေမေ့ကို တစ်ခါတစ်လေတောင် သတိမရ မိခဲ့တဲ့ ရက်တွေက များခဲ့တယ်လေ...လူငယ်သဘာဝ ပျော်ဖို့ အတွက်လောက်ကိုပဲ သားစဉ်းစားမိခဲ့တယ်...မေမေ့ ကျေးဇူးဆိုတာဝေးစွ...သတိရဖို့တောင် မတွေးမိခဲ့တဲ့သား...ဘယ်လောက်ထိတောင် ဆိုးလိုက်သလဲ...မေမေရယ်...သားနောင်တရမိပါတယ်...ဒါတွေကို သတိထားမိတဲ့အချိန်မှာ သားလေ မေမေနဲ့ မိုင်ပေါင်း ထောင်ချီဝေးတဲ့ နေရာကို ရောက်နေပြီ မေမေ...အထိတ်တလန့် အပြေးအလွှား မေမေ့ ဆီကို ဖုန်းဆက်ဖြစ်တယ်...သိမ်ဝမ်းသာသွားတဲ့ မေမေ ရဲ့ သားလေး ဆိုတဲ့ အသံက နားဝင်ချိုလိုက်တာ...ကျွန်တော်တော့ အမှားတွေကို ခွင့်လွှတ်ဖို့ မေမေ့ ကိုတောင်းပန်မိတော့...မေမေက အပြစ်တောင် မတင်ခဲ့မိပါဘူးတဲ့လေ...သိပ်ကိုကြီးမားတဲ့ မိဘမေတ္တာပါ...သားရဲ့ မျက်နှာကို မမြင်ရခင်ကတည်က...အသက်ပေးပြီး ချစ်ခဲ့ရတဲ့ မေမေပါတဲ့လေ...မေမေ ခွင့်လွှတ်လေ သားအပြစ်တွေ သိပ်ကြီးတယ်လို့ ခံစားရလေပါပဲမေမေ...သားလိမ္မာပါတော့မယ်...မေမေ ဖြစ်စေချင်တဲ့ လူတော်လူကောင်း တစ်ယောက်ဖြစ်အောင်လည်း ကြိုးစားပါတော့မေမေ...ကျွန်တော့တခုပဲ တောင်းဆုပြုမိပါတယ်...မိဘ ကျေးဇူး ကိုဆပ်နိုင်သော သားတစ်ယောက်ဖြစ်ရပါလို၏ လို့လေ...

                                                                           သိပ်ချစ်ရတဲ့ မေမေ့ ကိုကန်တော့လျှက်...

                                                                                                                      မေမေရဲ့သား...

(မှတ်ချက်။ကျွန်တော့ သူငယ်ချင်း အိမ်ကိုသတိရလို့ရေးထားတဲ့ စာလေးပါ...မိဘ နဲ့ဝေးနေပေမဲ့ခလုတ်ထိမှ အမိတဆိုတာ မျိုးမဖြစ်ကြဘဲ ကိုယ့်မိဘတွေကို အမြဲသတိရနေစေဖို့ တင်လိုက်ရခြင်းပါ ဒီစာလေးကို ကျွန်တော် ကိုယ်တိုင်ရေးတာ မဟုတ်ပေမဲ့ ကျွန်တော့ ဘလော့်ပေါ်ကိုတော့ ကိုယ်တိုင်ရေးပြီးတင်လိုက်တာပါ... :P အဲ့ချိန်မှာ ကျွန်တော်ကိုယ်တိုင်လဲ မိဘ တွေကို အရမ်းကိုသတိရနေပါတယ်...)

အမေရိကားက မခင်နှင်းဆီ

ငါ့မခင်နှင်းဆီဟာ အဖူးအပွင့်တွေတဝေေ၀နဲ့
နွေဦးမှာ လှနေရှာတော့မယ်
ငါ့ဆီမှာတော့ ခြောက်သယောင်းသောနွေဦး။

တစ်ယောက်တည်းရှိနေရတဲ့အဖြစ်ဟာ
ဘယ်လိုမှ ပျော်စရာမကောင်းပါဘူး
ငါ့မခင်နှင်းဆီဟာ
ကမ္ဘာကျော်ရေမွှေးနံ့တွေကြား
သဲတရှပ်ရှပ် ငါ့ဖြတ်သွားဖြတ်လာခြေသံတချို့ ကို
ကြားမိပါစ
ဒေါက်မြင့်ဖိနပ်တွေရဲ့ ခွာသံတဖျောက်ဖျောက်ကြား
ငါသွေးပေးတဲ့ ကရမက်ရနံ့ကို
သင်းပျံ့မိပါစ။

ဟဲလို
တိုးတိုးတိတ်တိတ် ဆွံ့အ
ငါ့မခေါ်ဆိုရဲတဲ့ ဖုန်းနံပါတ်တစ်ခုအတွက်
မခင်နှင်းဆီရဲ့အသံလေး ၀ါယာကြိုးထဲ အိပ်ပျော်နေတော့မယ်။

ငါတို့နှစ်ယောက်အတွက်
ချစ်ခြင်းမေတ္တာဆိုတာ
မီးပူတိုက်ပြီးတစ်ကြိမ်မှ ထုတ်မ၀တ်ရသေးတဲ့ အင်္ကျီတစ်ထည်
သံယောဇဉ်ခေါက်ရိုးကြောင်းရဲ့ လှိုင်းအလျားပေါ်
ကြေကွဲမှုဟာ တိတ်တိတ်လေးတက်ထိုင်နေခဲ့တယ်
အဝေးကြီးထွက်သွားတယ်ဆိုတာ
အနီးဆုံးမှာရှိမနေတော့တာပဲ မဟုတ်လား။

ညညလူခြေတိတ်ပြီဆို
ငါဟာ မခင်နှင်းဆီရဲ့ဓာတ်ပုံလေးကို
စက်ယန္တရားတစ်ခုလို သတိကြီးကြီးထားပြီးကိုင်တွယ်
မပြယ်တဲ့ ရနံ့အဆွေးတွေနဲ့ အတိတ်ကိုတူးဆွမိတော့တာပဲ
အဲဒါ “သတိရတယ်” ခေါ်တာလားကွယ်။

ဇာတိရနံ့တွေထဲမှာ
ငါက ကွန်ဆာဗေးတစ်ဆန်ဆန်
အခု ဒီကဗျာမင်းဆီပျံသန်းလာခြင်းအားဖြင့်
ယနေ့ကမ္ဘာကြီးကို နှုတ်ဆက်လိုက်ပါရဲ့။

မခင်နှင်းဆီရေ
မင်းခြေပြန်မချလိုတဲ့ မြေကြီးကိုမှ
ငါက ဆတိုးပြီးချစ်နေရ
ဗီလိန်မပါဘဲ ဝေးရတယ်ဆိုလည်း
ဇာတ်မပေါင်းရတာချင်းတော့ ငါတို့တူခဲ့တယ်။

မခင်နှင်းဆီရေ
မြစ်ဆိုတာ ပင်လယ်ဆီဆိုက်ရောက်ရမယ်
လူတစ်ယောက်ဟာ သူ့ရဲ့ချစ်ခြင်းမေတ္တာကို
သူရဲ့ပင်လယ်နဲ့တူတဲ့မိန်းမတစ်ယောက်ဆီ
စီးဝင်ဆိုက်ရောက်ခွင့်ရှိတယ်မဟုတ်လား
အဲဒီလူတစ်ယောက်ဟာ ငါကွဲ့
သတိရခြင်းကမ်းပါးနှစ်ဖက်နဲ့
ငါ့မြစ်ကြောင်းကို ငါကိုယ်တိုင်စီးနင်းလာခဲ့တာပေါ့
နက်ရှိုင်းတဲ့အိနြေ္ဒနဲ့ ပင်လယ်ဟာလှိုင်းထန်လို့မရဘူးလေ။

ဒီလိုပါပဲ မခင်နှင်းဆီရေ
ငါက လှိုင်းတွေသိမ်းရင်း လာတဲ့မြစ်
အဲဒီမြစ်ကြောင်းဟာ
သူချစ်တဲ့ပင်လယ်ကြီးထဲ
တဖျတ်စာအငေးတစ်ကွက်ရရုံနဲ့
ကိုယ့်ကိုယ်ကို မြုပ်နှံပစ်ဖို့ လုံလောက်ပြီတဲ့။

မခင်နှင်းဆီရေ
အမေရိကားရဲ့ နွေဦးလေပြေထဲ
ပန်းပေါင်းတစ်ထောင်ပွင့်ဝေ
မင်းကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ
မနက်ဖြန်ရဲ့နေရောင်ခြည်ထဲ
အိပ်မက်တစ်ထောင်ပွင့်ဝေ
မင်းကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ
ရွှင်လန်းချမ်းမြေ့ပါစေ…ရွှင်လန်းချမ်းမြေ့ပါစေ…။

ညိမ်းညို

မိသားစု

မိသားစုဆိုတာ

တစ်ယောက်ရှေ့ ရောက်ဖို့

တစ်ယောက် နောက်ဆုတ်ရတယ်

သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့

သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်

မိသားစု သီချင်းဟာ

အတက်အဆင်းရှိတယ်သံစုံမြည်တယ်။



မိသားစုဆိုတာ

လူခြောက်ယောက်ရှိ လူခြောက်ယောက်

လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း

ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်

အိမ်ရှိလူအကုန်။



လဲကျသွားတဲ့ ငါ့အဖေနေရာကို

ငါ့ညီလေးဝင်ခဲ့တယ်

ယိုင်နဲ့သွားတဲ့ ငါ့အမေရဲ့ နေရာကို

ငါ့ညီမလေး ၀င်ခဲ့တယ်

မိသားစုကို ငါမမြင်ခဲ့ဘူး။



ငါ့အတွေးအခေါ်က

သားသမီးဆိုတာသီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု

ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့

လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။



ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး

ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ

ငါ့ကြိုးကိုတီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်

ငါ့မိသားစုမှာမိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း

ငါပဲဖြစ်မှာ

ငါ့မိသားစုမှာကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း

ငါပဲဖြစ်မှာ

မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ

မ၀င်တဲ့ဂိုးတွေကို ငါသွင်းခဲ့တာ။





စိုင်းဝင်းမြင့်



(ဒီကဗျာလေးကို ရင်နဲ့ရင်းလို့ကြိုက်ပါတယ်)

လူမျိုး

အမုန်း ဒေါသ ငါ လွန်ခဲ့ပြီ။

ကမ္ဘာတစ်ခုတည်း မြင်ရဲ့ ။

ဒါပေမယ့် ငါ မမုန်းတော့ပေမယ့်

ငါ့သားဟာ ငါ့သားကွယ်။

လူအားလုံး နတ်စားပွဲဝိုင်းမှာထိုင်

လူအားလုံးကို ကျွေးရလိမ့်၊

ငါ့လက်ထဲက မုန့် ကတော့
ငါ့သားပဲ စားရလိမ့်



ဆရာမောင်သာနိုး ဘာသာပြန်သည်

စစ်

ကောင်လေးက

အုန်းလက်နွားလေး စီးလို့

အမေပျောက်ကို ရှာတယ်

ကောင်မလေးက

ကျောက်တုံး ပြက္ခဒိန်လေးဆောက်ပြီး

အဖေ့ ..

လာလမ်းကို မျှော်လို့ ။



သူရနီ

ကိုက်လမ်း

ငါဟာ

ကမ္ဘာကြီးကို နားစွန့်ထားသူ ယုန်ကလေးပါ

နေ့စဉ်နေ့စဉ်

ငါ့ဝပ်ကျင်းကလေးကနေ ငါအစာရှာထွက်တိုင်း

သစ်ပင်မြက်ပင်လေးတွေကို ကိုက်,ကိုက်ပြီး

ငါထွက်လာခဲ့မြဲ

ခု..

လူနဲ့ခွေးများတောခြောက်ကြ

အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ

ပိုက်ထဲ

ငါ့သစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့ ..။



မောင်ချောနွယ်

.....................

မြစ်လယ်မှာ ချစ်လှယ်တုန်းက

မြစ်ရေပြင် လှေလူးလို့

ချစ်ဦးမယ်နှင့်မောင်

ပန်းခူးရအောင်။



လမင်းကလှောင် ၊ ကြယ်ရောင်ကပြုံး

ညဥ့်ဦးကဗျာတည်တဲ့

ငှက်ပလီ ချုံနွယ်ရိပ်မှာ

တိတ်တိတ်ကွယ်ပုန်း။



လေအေးကခုန်ပြန်

ကြင်ဦးရင်မှာမှီလို့

ဆိုတေးစီ မြစ်တစ်ကြောမှာ

စိုးတဲ့အသံ။



လှပသည့် ကာရန် ၊ ပန်းမန်မှာနား

လ၀န်းတိမ်မှာကွယ်တော့

မြစ်လယ်မှုန်ဝါး။



လ၀န်းတိမ်မှာကွယ်

မြစ်ယံလယ် မှုန်တ၀ါးမှာ

ရှက်အားကကြွယ်။



တတ်ရေးဆန်းကြယ်

ကမ်းစွယ်ရိပ်အကွေ့

ကြက်သီးတလှိုင်လှိုင်ပ

မယ့်သက်ပိုင်ချို နှလုံးရယ်

ပြုံးတထေ့ထေ့။



ကမ်းဆီကို ၀ိုက်ကွေ့လို့

တရွေ့ရွေ့ စိုက်လာ

ယက်ပန်းကဖွာ ။



ရွာဦးမှာ၊ သာစေတီမြတ်မြင့်မား

ဗျာဒိတ်တလွင်လွင်မို့

လည်ရှက်တင် ပုံတော်သစ်ရအောင်

ချစ်သက်သေထား ။ ။



ကြည်အေး

.....................

တွယ်တာလှပေမယ့် ကွယ်ရာကပဲချစ်တော့မယ်
အစဉ်ခက်လေတော့ မကြင်ရက်တယ် သခင်ဆိုမလား
ငြင်ညိုရင် ကိုယ့်အပြစ်ပါပဲ စိတ်ညစ်တယ်ကွယ်.....
သံယောဇဉ်ခွေကာရစ်ပေမယ့်
ပြန်ပြောရင် ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူအမူလုပ်ပါမို့
အပူရုပ်ကိုဟန်ဆောင်ပြုံးပေမယ့်
ရင်တွင်းမှာမကြေမွေ့လေတော့
ဒီနေ့လည်းစိတ်ညစ်တယ်...
သိပ်ချစ်တယ်လို့မဆိုသာတော့
ပါးစပ်ကပြောမှလား နှုတ်ဖျားမှာမေတ္တာမရှိပါဘူး
အကြည့်တစ်စုံ ဝေဒနာနွေးတွေက
အကြင်နာခြေရာလေးတွေပဲ
ချစ်သဲရယ် ခါသာဖြေလို့ မာယာတွေဟန်ဆောင်ထိန်းကာ သူစိမ်းတွေပေါ့...........


(မောင်စိန်ဝင်း ပုတီးကုန်း)