Monday, April 16, 2012

မေမေ

ဘဝကြမ္မာ လှိုင်းတွေ ကြမ်းတယ် မေမေရယ်.....လေဟုန်ကို ဆန်ပြီး ပျံနေရတဲ့ဘဝမှာ...မောပန်းမှု နာကျင်မှု တွေနဲ့ကြုံတိုင်း သားချော့တေး နဲ့ သာယာတဲ့ အမေ့အိမ်ကို သားလွမ်းမိတယ် မေမေ...ဖြူစင်လွန်းတဲ့ မေမေ့ ဆီက သားတို့အတွက် ကြင်နာတဲ့မေတ္တာ တရားနဲ့ အစဉ် ထာဝရ နွေးထွေး စေတတ်တဲ့ လက်တစ်စုံကို သားတမ်းတမိပါတယ်။မေတ္တာဆိုတာ နီးလွန်းရင် မမြင်နိုင်တတ်တဲ့ သဘောများရှိတတ်လေသလား မေမေရယ်...သားလေ မေမေ့ရဲ့ အေးမြတဲ့ မေတ္တာရိပ်အောက်က ထွက်လာမိမှ အစဉ်နွေးထွေး စေတတ်တဲ့ မမေ့ ရင်ခွင်ကို သားတမ်းတ တတ်လာပါပြီ မေမေ...သားသတိရမိသေးတယ်...သူငယ်တန်း တုန်းကပေါ့ ကျောင်းတတ်ရမှာ ပျင်းလွန်းတဲ့ သားကို မေမေ့ ရင်ခွင်ထဲက ဆွဲထုတ်ပြီးကျောင်းပို့ခဲ့တာလေ...စာသင်ခန်းမှာ လက်ပြပြီး ကျန်ခဲ့ရတိုင်း မေမေ့ မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်နေပေမယ့် မေမေသားကို ထားပြီးပြန်ပြန်သွားတယ်နော်...သားတို့ကို သိပ်ချစ်တတ်တဲ့ မေမေ့ နှုတ်ခမ်းက ပြောတာတော့ သားကို ပညာတတ်ကြီး ဖြစ်စေချင်လွန်းလို့ပါတဲ့လေ...သိပ်ငယ်လွန်းတဲ့သားမှာတော့ မျက်ရည်တွေပြည့်နေတဲ့ မေမေ့ မျက်ဝန်းတွေကို ကြည့်နေရုံကလွဲပြီး ဘာကိုမှနားမလည်တတ်ခဲ့သေးပါဘူး...မေမေ့ နားမှာသိပ်နေချင်တဲ့ သားကို နေခွင့်မပေးဘဲ ကျောင်းပဲပို့နေတဲ့ မေမေ့ကိုသားစိတ်ဆိုးမိတယ်...မေမေက ဘာလို့ငါ့ကိုကျောင်းပဲ ပို့နေတာလဲလို့ပေါ့။ဒါပေမယ့် သားကျောင်းတတ်ရ တာကိုမပျော်တတ်သေးပါဘူး...နေ့လည်စာ ထမင်းစားချိန်တိုင်း  ကျောင်းကနေထမင်းချိုင့်ကလေး ကိုင်ပြီး အိမ်ပြန်ပြေးတတ်တာကို သတိရတယ်...မေမေ မသိအောင် အိမ်ပေါ်ခိုးတတ်ပြီး...ကျောင်းတတ်ချိန်ကျမှ မေမေ့ကို အသိပေးမယ်ပေါ့...အဲဒီအချိန် ကကျောင်းမတတ်ချင်တဲ့ သားအတွက် မဟာစွန့်စားခန်းပါပဲ...ဒါပေမယ့် သားမအောင်မြင်ပါဘူး...မေမေ။သားကို အမြဲတန်း အဆုံးထိနားလည်တတ်တဲ့ မေမေ့ကို သားရှောင်ပြေးလို့မှမရပဲ...မဟုတ်တာလုပ်မိတာနဲ့ မေမေ ကချက်ချင်းရိပ်မိတော့တာပါပဲ...အဲ့ဒီလို အချိန်တိုင်း မေမေ ပြောတတ်တာက “နင့်ကို ငါမွေးထားတာပါတဲ့လေ ...”သားထင်ပါတယ် သားဘာပဲလုပ်လုပ် မေမေ သိနေတာ သားကိုမေမေ သိပ်ချစ်လွန်းလို့ပဲ ဖြစ်မှာပါ...အဲဒီအချိန် မေမေ သားကျောင်းပြေ လာတာ သိသွားတော့ သိပ်ကို စိတ်ဆိုးသွားတော့တာပါပဲ...ပထမ တစ်ရက်တော့မေမေ ခွင့်လွှတ်ပါတယ်...သားကလဲ သားပါပဲလေ မေမေ ခွင့်လွှတ်တာကို ရောင့်တတ်မိတယ်...နောက်တစ်ရက်လည်းဆက်လုပ်တော့ မေမေ သားကို ရိုက်ပြီးကျောင်း အထိ ပြန်ပို့တော့တာပါပဲ...သားကလည်း ငို မေမေ ကလည်းငိုပေါ့။ဒီလိုနဲ့ သားကို ဆရာမ ဆီအပ်ပြီးတော့ ရိုက်ပါလို့လည်းမှာတယ်...အဲ့ဒီတုန်းက သားမေမေ့ကို အရမ်းစိတ်ဆိုးမိတာပဲ သိလား...ကိုယ့်သားကို ဘာလို့များ သူများကို ရိုက်ခိုင်း တာလဲလို့ပေါ့နော်...ငါ့ကိုများ မချစ်ဘူးလား လို့လည်း သံသယ ဝင်မိသေးတယ်...သားကိုခွင့်လွတ်ပါနော်...သားနားမလည် လို့ပြောခဲ့မိတာပါ...အဲဒီနောက်ပိုင်း ကျတော့ သားတနေ့လုံး ကျောင်းမှာ နေတော့တယ်...ပျော်လို့တော့ မဟုတ်ပါဘူး...သား သိပ်မုန်းတဲ့ မေမေ့ ရဲ့ကြိမ်လုံးကို ကြောက်လို့...ဒါပေမယ့် တဖြည်းဖြည်း ကြာလာတော့ သားကျောင်းပျော်တတ်သွားပြီလေ... သူငယ်ချင်းတွေနဲ့ ကစားရတာကို မေမေ့ နားမှာနေရတာထက် သားပျော်တတ်လာတာပေါ့...ဒီလိုနဲ့ သားပထမတန်းတတ်လို့ကျောင်းပြောင်းတော့...ကျောင်းသွားရတာ သိပ်ဝေးတယ်လေ မေမေ့ အတွက် အလုပ်ပိုလာတော့တာပါပဲ...(၂)မိုင် (၃)မိုင် လောက်ဝေးတဲ့ ခရီးကို မေမေ လိုက်ပို့လိုက် လာကြိုလိုက်နဲ့နေ့စဉ်ရက်ဆက် လုပ်နေခဲ့တာပါ...အိမ်အလုပ်တွေလည်း လုပ်ရ သားကိုလည်း ကျောင်းပို့ ကျောင်းကြို လည်းလုပ်ရတဲ့ မေမေ့ မှာ သိပ်ကို ပင်ပန်းခဲ့မှာပဲနော်...ဒါပေမယ့် သားမြင်ရတဲ့ မေမေ့ မျက်နှာကတော့ အမြဲတမ်း အပြုံးမပျက်ပါဘူး...ဒီလိုနဲ့ သားအရွယ်ရောက်လာတော့ မေမေ့ ရင်ခွင်ကနေ ခွဲခွာလာခဲ့တယ်...မေမေ့ ကိုသတိရတဲ့ အချိန်က လကုန်လို့ အသုံးစရိတ် ပြတ်တဲ့အချိန်လောက်ပါပဲ...အဲဒီအချိန် ဆိုရင် သတိတရ နဲ့ဖုန်းလည်းဆက်ဖြစ်တယ်...မေမေ နဲ့ စကားပြောဖို့ထက် ကျွန်တော့် ဆီကို ပိုက်ဆံ ပို့ပြီးပြီ လားဆိုတာလောက်ကိုပဲ ကျွန်တော့ စိတ်ဝင်တစား မေးတတ်တယ်...ငယ်ငယ်တုန်းက သားသိပ်ချစ်တယ် ဆိုတဲ့ မေမေ့ကို တစ်ခါတစ်လေတောင် သတိမရ မိခဲ့တဲ့ ရက်တွေက များခဲ့တယ်လေ...လူငယ်သဘာဝ ပျော်ဖို့ အတွက်လောက်ကိုပဲ သားစဉ်းစားမိခဲ့တယ်...မေမေ့ ကျေးဇူးဆိုတာဝေးစွ...သတိရဖို့တောင် မတွေးမိခဲ့တဲ့သား...ဘယ်လောက်ထိတောင် ဆိုးလိုက်သလဲ...မေမေရယ်...သားနောင်တရမိပါတယ်...ဒါတွေကို သတိထားမိတဲ့အချိန်မှာ သားလေ မေမေနဲ့ မိုင်ပေါင်း ထောင်ချီဝေးတဲ့ နေရာကို ရောက်နေပြီ မေမေ...အထိတ်တလန့် အပြေးအလွှား မေမေ့ ဆီကို ဖုန်းဆက်ဖြစ်တယ်...သိမ်ဝမ်းသာသွားတဲ့ မေမေ ရဲ့ သားလေး ဆိုတဲ့ အသံက နားဝင်ချိုလိုက်တာ...ကျွန်တော်တော့ အမှားတွေကို ခွင့်လွှတ်ဖို့ မေမေ့ ကိုတောင်းပန်မိတော့...မေမေက အပြစ်တောင် မတင်ခဲ့မိပါဘူးတဲ့လေ...သိပ်ကိုကြီးမားတဲ့ မိဘမေတ္တာပါ...သားရဲ့ မျက်နှာကို မမြင်ရခင်ကတည်က...အသက်ပေးပြီး ချစ်ခဲ့ရတဲ့ မေမေပါတဲ့လေ...မေမေ ခွင့်လွှတ်လေ သားအပြစ်တွေ သိပ်ကြီးတယ်လို့ ခံစားရလေပါပဲမေမေ...သားလိမ္မာပါတော့မယ်...မေမေ ဖြစ်စေချင်တဲ့ လူတော်လူကောင်း တစ်ယောက်ဖြစ်အောင်လည်း ကြိုးစားပါတော့မေမေ...ကျွန်တော့တခုပဲ တောင်းဆုပြုမိပါတယ်...မိဘ ကျေးဇူး ကိုဆပ်နိုင်သော သားတစ်ယောက်ဖြစ်ရပါလို၏ လို့လေ...

                                                                           သိပ်ချစ်ရတဲ့ မေမေ့ ကိုကန်တော့လျှက်...

                                                                                                                      မေမေရဲ့သား...

(မှတ်ချက်။ကျွန်တော့ သူငယ်ချင်း အိမ်ကိုသတိရလို့ရေးထားတဲ့ စာလေးပါ...မိဘ နဲ့ဝေးနေပေမဲ့ခလုတ်ထိမှ အမိတဆိုတာ မျိုးမဖြစ်ကြဘဲ ကိုယ့်မိဘတွေကို အမြဲသတိရနေစေဖို့ တင်လိုက်ရခြင်းပါ ဒီစာလေးကို ကျွန်တော် ကိုယ်တိုင်ရေးတာ မဟုတ်ပေမဲ့ ကျွန်တော့ ဘလော့်ပေါ်ကိုတော့ ကိုယ်တိုင်ရေးပြီးတင်လိုက်တာပါ... :P အဲ့ချိန်မှာ ကျွန်တော်ကိုယ်တိုင်လဲ မိဘ တွေကို အရမ်းကိုသတိရနေပါတယ်...)

2 comments:

  1. ဘ၀ကြမ္မာ လှိုင်းကြမ်းတွေကြားက သားကို ရပ်တည်နိုင်အောင် မေမေက လေဟုန်ကိုဆန်ပြီး ဖန်တီးပေးခဲ့တယ်...။

    ကိုယ်တိုင်ငိုသံနဲ့စပြီး သူများငိုသံတွေနဲ့ အဆုံးသတ်ရတဲ့ ဘ၀တစ်ခုဟာ ပြဇာတ်တစ်ခုလို လူကြည့်ကောင်းအောင် ဇာတ်တိုက်ထားလို့မရနိုင်ဘူး မေမေ...။

    ဘက်စုံထောင့်စုံကတွေးတောလေ့လာပြီး သားဆုံးဖြတ်ခဲ့ပါတယ်...။ သားသွားတော့မယ်ဆိုတော့ အိပ်ယာထဲမှာ ဝေဒနာခံစားနေရတဲ့ မေ့မေ့မျက်နှာမှာ သားအားမငယ်ဖို့ မျက်ရည်မကျအောင် နှုတ်ခမ်းစေ့ထားပြီး သားကိုကြည့်နေတဲ့ မေ့မေ့မျက်လုံးတွေကို သားတစ်သက်မေ့မှာမဟုတ်တော့ဘူး မေမေ...။

    သားငယ်ငယ်က သားအားကိုးတွယ်တာရတဲ့မေမေ
    သားကြီးတော့ မေမေအားကိုးမျှော်လင့်ရတဲ့သား အမှားမလုပ်ပါဘူးမေမေ ပန်းတိုင်တစ်ခုချင်းအတွက် လျောက်ရတဲ့လမ်းက အတက်ကြမ်းပြီး အချိုးအကွေ့များလွန်းတော့လဲ မေ့မေ့မျက်လုံးတွေကို သားဖတ်တတ်ပေမယ့် ပင်ပန်းမှာစိုးလို့ မေမေ့ကိုခဏထားခဲ့တာပါမေမေ...။

    သားပြန်လာဦး လို့ ငိုသံနဲ့ပြောပြီးမှ အားငယ်စိုးရိမ်မှာစိုးလို့ မေ့မေ့အသံပြန်တင်းပြီး သားပြောသမျှ အင်းအင်း လို့ဆိုတဲ့ မေ့မေ့ဖုန်းထဲကအသံတွေကို သတိရပါလျှက် ဂရုမစိုက်နိုင်ခဲ့ဘူး မေမေ...။

    မျက်စိမှိတ်ပြီး ပြုံးမယောင်ယောင် မေမေ့မျက်နှာကို သားမြင်ရပေမယ့် သားမျက်နှာကို မေမေ မမြင်သွားခဲ့တော့ပါဘူး.......။

    သားရင်ထဲမှာစို့နေတယ်မေမေ မျက်ရည်ဆိုတာထွက်မလာဘူး
    ဒီနေ့ထိဆိုပါစို့မေမေ...
    ကောင်းရာသုဂတိရောက်ပြီး သားပြုသမျှ ကုသိုလ်အမျှရစေဖို့ဘဲ သားတတ်နိုင်တော့တယ်မေမေ...။

    အမြဲတမ်းမေမေ့အတွက် ကုသိုလ်ပြုရင်း မေမေလေ့ကျင့်ပျိုးထောင်ခဲ့တဲ့ မြင့်မြတ်ဖြူစင်တဲ့ စိတ်ထား ရိုးသားတဲ့ နှလုံးသားနဲ့ သားတစ်ယောက်တည်း တည်ငြိမ်ရဲရင့်စွာ ဘ၀ကို တည်ဆောက်သွားပါမယ် မေမေ...။

    ReplyDelete
  2. မေမေ
    ကျွန်တော်လမ်းပျောက်ပြန်ပီ။
    လောကဓံရိုက်ချက်က ဒီတစ်ခါလက်အေးကြီးတွေနဲ့
    မေမေရယ်။

    ကျွန်တော်ပြီး ကျွန်တော်ပဲရှိတယ်
    ငိုချင်ရက် မျက်ရည်သိမ်း
    ကျွန်တော်ညတွေသိပ်ခါးလွန်းတယ်။

    မေမေ
    ကျွန်တော်က အကုသိုလ်ကောင်လား
    အမှောင်ကြမ္မာကို ကိုင်ဆုပ်
    ကျွန်တော်က အကြိမ်ကြိမ်လဲကျနေသူ။

    မငိုနဲ့ မေမေ
    ရှိသမျှ အားကိုသုံး ကျွန်တော်ရုန်းကန်ထဦးမယ်
    အခုတော့.....
    တစ်ချို့ ကိုတောင်းပန်
    တစ်ချို့ကိုကျေးဇူးတင်ရင်း
    ကျွန်တော်က အခန်းကျဉ်းလေးထဲမှာ
    မျှော်လင့်ချက်ယဲ့ယဲ့လေးနဲ့
    မေမေ မေမေ လို့ တသနေယုံပဲ တတ်နိုင်တယ်။

    ReplyDelete